ရင်တွင်းဖြစ် အတွေးများ(၁)

ရေးသားသူ= ရှင်သန်

သုခအသေးစားတွေထဲမှာ နစ်မွန်းနေရင် ကြီးမားသော သုခတွေကို ပိုင်ဆိုင်နိုင်ရိုး ထုံးစံမရှိ။ ။

သံစဉ်ချိုတွေ နားထောင်ချင်လို့ အဖြူရောင်စေတနာတွေ ထားနေတာမှ မဟုတ်တာ။ ငှက်ဆိုးသံတွေ ဘယ်လောက် ကြားကြား စေတနာတွေ နေရာ မလွှဲဘူး။

အမြန်ဆုံး လုပ်ရမည့်အရာတို့တွင် ကုသိုလ်ကို အမြန်ဆုံး လုပ်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ကံဆိုးခြင်းတွေ ကြုံတိုင်း ကိုယ့်ထက် ကံဆိုးသူတွေ ရှိဦးမည်ဟု သိလိုက်တော့ အားငယ်ချင်စိတ် လွင့်ပါးသွား၏

ကံကောင်းခြင်းတွေကို ကြုံရတိုင်း ကိုယ့်ထက် ကံကောင်းသူတွေ ရှိဦးမည်ဟု တွေးမိလိုက်တော့ ဘ၀မြင့်ချင်စိတ် ပြေးထွက်သွား၏

ယုံကြည်နိုင်အောင် ကြိုးစားပါမည်ဟု ကတိပေးတတ်သူ မဟုတ်။ ယုံကြည်အောင် နေပြတတ်သူပါ။
မဖြစ်ချင်တာတွေချည်း ဖြစ်တတ်သော လောကထဲမှာ အတ္တမာန်တွေကို အင်အားအဖြစ် မသုံးတော့ပါဘူး။ 
အတ္တမာန်အားကြီးသွားလွန်းရင် မတရားမှုတွေကို ပျားသကာအဖြစ် ထင်မြင်တော့မှာ။ ထိုက်တန်သလောက် လမ်းလေးမှာ ငြိမ်းချမ်းစွာပဲ လျှောက်လှမ်းတော့မယ်။

လွတ်လပ်သော ချစ်ခြင်းသည် နှစ်ဦးလုံးအတွက် ငြိမ်းချမ်းတယ်။ ဆုပ်ကိုင်ထားလိုမှု မရှိဘူး။ ဖြန့်ထုတ်လိုမှုသာ ရှိတယ်။

သင့်တို့ကြောင်းလည်း မဟုတ်။ ငါ့ကြောင့်လည်း မဟုတ်။ တကယ်တော့ အတိတ်က ငါ လုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်ကြောင့် ပါ။

အိုခြင်းတရားကို ဘယ်သူနိုင်ဖူးလဲ။ နာခြင်းတရားကို ဘယ်သူနိုင်ဖူးလဲ။ သေးခြင်းတရားကို ဘယ်သူနိုင်ဖူးလဲ။ နိုင်ပွဲတွေ ဘယ်လောက်များများခဲ့ များများခဲ့။ သင့် သုံးကြိမ်တော့ ကျရုံးဦးမှာပါ။

သေသပ်မှုရှိဖို့ တည်ငြိမ်မှု လိုတယ်။ တည်ငြိမ်ရင် သင့်ရဲ့ လုပ်ရပ်တို့ သေသပ်လှပမှာပါ။
မှန်ကန်မှုအစစ်ကို လိုလားသောသူသည် သူတစ်ပါး ပြောစကားကို ယုံကြည်တတ်ရုံမှဖြင့် မရနိုင်ပါ။


မိမိရဲ့ အားနည်းချက်တို့ကို သိသောအတွင်းသိလူတွေနဲ့ ပြဿနာမဖြစ်အောင် နေရမည်။ အတွင်းသိနဲ့ အမုန်းတရားတွေ ပွားမိရင် ရန်သူထောင်ပေါင်းများစွာထက် အန္တရာယ်ကြီးသည်။

လောကက အထင်ကြီးထားတဲ့ ဘွဲ့ရပညာတတ် လူသားများသည် ပေါများပါ၏။ မေတ္တာ ကရုဏာ ပြည်ဝပြီး အရိုးခံဖြူစင်လွန်းသူကတော့ အလွန့်အလွန် ရှားပါးသည်။

စိတ်ကောက်တယ်ဆိုတာ မိန်းကလေးတစ်ဦးအတွက် နားထောင်လို့ ကောင်းပေးမယ့် နားလည်ခွင့်လွှတ်တယ်ဆိုတာက ပိုချိုမြန်တယ်။ ရှေ့စိတ်တွေက သူတို့ရဲ့ ကောင်း၊ မကောင်းသတ္တိတွေကို နောက်စိတ်တွေကို အမွေပေးမြဲပဲလေ။ ရှေ့ရှေ့ဘ၀တွေက သူတို့ရဲ့ ကောင်း၊ မကောင်းသတ္တိတွေကို နောက်နောက် ဘ၀တွေကို အမွေပေးမြဲပဲ။ အမြဲတမ်း စိတ်ကောက်တဲ့ အကျင့်ပါသွားရင်တော့ တစ်နေ့ လမိုက် ည ဖြစ်သွားမယ်

အစွဲကြီးသူတို့သည် အကျိုးသင့်အကြောင်းသင့်ပြပြီး ဖြေရှင်းလို့ မရဘူး။ သူတို့ဟာ လက်တွေ့ကျမှပဲ ယုံကြည်တတ်ကြတယ်။ မုန်းတိုင်းရှိတယ်ဆိုတဲ့ သတင်းကို မယုံကြဘူး။ 
 မုန်တိုင်းဝင်တော့မှာပဲ ကြောက်တတ်ကြတဲ့သူတွေပါ။

လမ်းမှာ ပေါက်တဲ့ မြက်ဖြစ်မှတော့ လုနင်းတာ ခံရမယ်။ ထောင်ကျမှတော့ နှိပ်စက်တာ ခံရမယ်။ လူဖြစ်မှတော့ ဒုက္ခတွေ ရင်ဆိုင်ရမယ်။ ချစ်မိပြီးမှတော့ သစ္စာဆက်ရှိရမယ်။ အဆုံးမသတ်ရဲရင် မ စမိစေနဲ့။ ရေကြောက်မှတော့ မြစ်ကမ်းနား မနေနဲ့။

ချီမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းများစွာကို မခံနိုင်ရင် ထင်ရှာအောင် မလုပ်နဲ့ပေါ့။ အညတရဘ၀နဲ့ နေရုံပဲ ရှိတယ်။

လမ်းများများ လျှောက်ရင် ခလုတ်တိုက်မှာပဲ။ အိပ်ယာထက် အိပ်နေသူအတွက် ဘာခလုတ်မှ တိုက်စရာ မရှိဘူး။ လမ်းလျှောက်မလား?၊ အိပ်နေမလား?။

ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ တွေးပြီး စိတ်ညစ်မနေဘူး။ နိုင်သလောက် စိတ်ချမ်းသာစွာနဲ့ ဘ၀မှာ နေမယ်။ အားလုံး သင့်တာဝန်တွေပဲလို့ လောကကြီးက အမိန့် မပေးထားပါဘူး။ အားလုံးဟာ အတိတ်ရဲ့ အကြောင်းတွေကြောင့်ပဲပေါ့။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣